ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Laws and Regulation » မျိုးစေ့ဥပဒေ

မျိုးစေ့ဥပဒေ

မျိုးစေ့ဥပ‌ဒေ

မျိုးစေ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်    ၅။)
၁၃၇၆ ခုနှစ်၊   တပေါင်းလဆန်း    ၁    ရက်
(၂၀၁၅ ခုနှစ်၊  ဖေဖော်ဝါရီလ    ၁၈    ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။    ဤဥပဒေကို “မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ဟုခေါ်တွင်စေရမည်။

၂။    မျိုးစေ့ဥပဒေ ပုဒ်မ ၂ တွင် −
(က) ပုဒ်မခွဲ (င) ၏ နောက်၌ ပုဒ်မခွဲ (င - ၁) နှင့် (င- ၂) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“(င - ၁) မိဘမျိုးလိုင်း ဆိုသည်မှာ အပင်မျိုးမွေးမြူထုတ်လုပ်ရန် မိဘအဖြစ် အသုံးပြုသော မျိုးလိုင်းကို ဆိုသည်။
(င - ၂) နှစ်ရှည်သီးနှံ ဆိုသည်မှာ  တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားပြီး အပင် အမျိုးအစားအလိုက် နှစ်ကာလတစ်ခုအထိ အကျိုးအမြတ် ရရှိနိုင်မည့် သီးနှံကို ဆိုသည်။”
(ခ) ပုဒ်မခွဲ (စျ) ၌ ပါရှိသော “စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း” ဆိုသည့် စကားရပ်ကို  “ပြည်ပသို့ တင်ပို့၍ ဖြစ်စေ ၊ စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း” ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်။
(ဂ) ပုဒ်မခွဲ (ည) ၌ ပါရှိသော “သတ်မှတ်သော အလေးချိန်” ဆိုသည့် စကားရပ်ကို  “သီးနှံအမျိုးအစားအလိုက် သတ်မှတ်ထားသောအလေးချိန်” ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်။

၃။    မျိုးစေ့ဥပဒေတွင်ပါရှိသော “ အမျိုးသားမျိုးစေ့ကော်မတီ”ဆိုသည့် စကားရပ်ကို “မျိုးစေ့ ဆိုင်ရာအမျိုးသားကော်မတီ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။    မျိုးစေ့ဥပဒေတွင် ပါရှိသော “မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း” ဆိုသည့်စကားရပ်ကို “စိုက်ပျိုးရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ဦးဆောင်ညွှန်ကြားရေးမှူး” ဆိုသည့်စကားရပ်ကို “ညွှန်ကြားရေးမှူးချုပ်” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီး အစားထိုးရမည်။

၅။    မျိုးစေ့ဥပဒေ ပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဆ) ၏နောက်၌ ပုဒ်မခွဲ (ဇ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်၍ မူလဥပဒေပါ ပုဒ်မခွဲ (ဇ) ကို ပုဒ်မခွဲ (ဈ) အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည် -
“(ဇ) မှတ်ပုံတင်လက်မှတ်ခ၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခ၊ လိုင်စင်ခ၊ လိုင်စင် သက်တမ်းတိုးမြှင့်ခနှင့် အခြားအခကြေးငွေတို့ကို ဝန်ကြီးဌာန၏ သဘော တူညီချက် ဖြင့် သတ်မှတ်ခြင်း၊”

၆။    မျိုးစေ့ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(က) တွင် ပါရှိသော “စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်”ဆိုသည့် စကားရပ်ကို “ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မျိုးစေ့ဌာနခွဲ)” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။    မျိုးစေ့ဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၈။ (က) အသိအမှတ်ပြုလက်မှတ်ရရှိရန် အပင်မျိုးသစ်ကို စမ်းသပ်စိုက်ပျိုးရန် ပြည်တွင်း သို့ တင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် အပင်မျိုးသစ်  တင်သွင်းခွင့် အတွက် ထောက်ခံချက်ရရှိရန် မျိုးစေ့နမူနာနှင့်တကွ အချက်အလက်အပြည့် အစုံကို     သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသို့ လျှောက်ထားရမည်။
(ခ ) မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက် နှင့်စပ်လျဉ်း၍ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီအား သတ်မှတ်ချက်များ နှင့်အညီ စိစစ်စေပြီးအပင်မျိုးသစ်ကို ပြည်တွင်းသို့တင်သွင်းခွင့်ရရှိရေး အတွက် ထောက်ခံချက် ထုတ်ပေးနိုင်သည်။

၈။    မျိုးစေ့ဥပဒေ ပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -
၉။ (က) အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်လိုသည့် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းလိုသည့် အပင်မျိုးသစ်အတွက် အသိအမှတ်ပြု လက်မှတ်ရရှိရန် အပင်မျိုးသစ်၏ မျိုးစေ့နမူနာနှင့်တကွ အချက်အလက်အပြည့်အစုံကို သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြ၍ လျှောက်ထားရမည်။
(ခ) မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက် နှင့်စပ်လျဉ်း၍ စမ်းသပ်စိုက်ပျိုးပြီး စိစစ်တင်ပြရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသို့ တာဝန်ပေးအပ်ရမည်။ ယင်းသို့တာဝန်ပေးအပ်ရာတွင် စပ်မျိုး မိဘမျိုးလိုင်းနှင့် နှစ်ရှည်သီးနှံမျိုးသစ်များကို စမ်းသပ်စိုက်ပျိုးခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

၉။    မျိုးစေ့ဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုးရမည် -
၁၀။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသည် -
(က) အပင်မျိုးသစ်ကို အပင်မျိုးနှင့် သင့်လျော်ပြီး ရာသီဥတုကွဲပြားခြားနားသည့် ဒေသသုံးခု၌ အနည်းဆုံးတစ်ရာသီ စမ်းသပ်စိုက်ပျိုး၍ အောက်ပါအချက် များပေါ်တွင် အခြေခံပြီး အပင်မျိုးသစ်အဖြစ် အသိအမှတ်ပြုရန် သင့် မသင့် စိစစ်ရမည်-
(၁) ပြည်တွင်း၌ စိုက်ပျိုးပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ၊
(၂) စမ်းသပ်စိုက်ပျိုးသော အပင်မျိုးသစ်သည် လက်ရှိအပင်မျိုးထက် သာလွန် ကောင်းမွန်သောအချက်များ ရှိ မရှိနှင့် ထူးခြားသည့် အရည် အသွေး ရှိ မရှိ၊
(၃) အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်နိုင်ခြင်း ရှိ မရှိ။
(ခ) ပုဒ်မခွဲ(က)အရ စိစစ်တွေ့ရှိသည့် အပင်မျိုးသစ်ကိုလည်းကောင်း၊ မိဘမျိုး လိုင်းနှင့် နှစ်ရှည်သီးနှံများအတွက် အပင်မျိုးနှင့် သက်ဆိုင်သည့် အရည်အသွေး လက္ခဏာများ၊ သတင်းအချက်အလက်များကို ပြည့်စုံစွာပြုစုထားသည့် မှတ်တမ်းများကိုလည်းကောင်း စိစစ်၍ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ရန် သင့် မသင့် သဘောထားမှတ်ချက်နှင့်အတူ မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီသို့ တင်ပြရမည်။”

၁၀။    မျိုးစေ့ဥပဒေပုဒ်မ ၁၁ ၊ ပုဒ်မခွဲ(က)တွင် ပါရှိသော “ ထောက်ခံ” ဆိုသည့် စကားရပ်ကို “သဘောထားမှတ်ချက်နှင့်အတူ ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးပြီး  “ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် လျှောက်ထားသော” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၁၁။    မျိုးစေ့ဥပဒေ ပုဒ်မ  ၁၆၊ ပုဒ်မခွဲ(ခ)တွင် ပါရှိသော “မျိုးစေ့အမျိုးအစား” ဆိုသည့်စကားရပ် ကို “သီးနှံအမျိုးအစား” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။    မျိုးစေ့ဥပဒေ ပုဒ်မ ၁၈ ၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ် ၈ ၏နောက်တွင် ပုဒ်မခွဲငယ် ၈-က  အဖြစ် အောက်ပါအတိုင်း အသစ် ဖြည့်စွက်ရမည်-
“၈- က မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ အသိအမှတ်ပြုမှတ်ပုံတင်လက် မှတ်ရရှိထားသော မျိုးစေ့အရည်အသွေး စစ်ဆေးခန်း၏ ထောက်ခံချက်”

၁၃။    မျိုးစေ့ဥပဒေ ပုဒ်မ ၂၈ တွင် ပါရှိသော “ကျပ်နှစ်သိန်း” ဆိုသည့် စကားရပ်ကို “ကျပ် တစ်ဆယ်သိန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။    မျိုးစေ့ဥပဒေ ပုဒ်မ၂၉ တွင် ပါရှိသော “ကျပ်တစ်သိန်း”ဆိုသည့် စကားရပ်ကို “ကျပ် တစ်ဆယ်သိန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။

၁၅။    မျိုးစေ့ဥပဒေ ပုဒ်မ ၃၁ တွင် -
(က) ပုဒ်မခွဲ(က)၌ ပါရှိသော “ ဖြန့်ဖြူးရောင်းချခြင်း” ဆိုသည့် စကားရပ်ကို “ စီးပွားရေး အလို့ငှာမဟုတ်သော  ဖြန့်ဖြူးရောင်းချခြင်း ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။
(ခ ) ပုဒ်မခွဲ(ခ)၌ ပါရှိသော “ မျိုးပွားခြင်းမဟုတ်ဘဲ” ဆိုသည့် စကားရပ်ကို “ မျိုးပွား ခြင်းမဟုတ်ဘဲ သီးနှံစေ့”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၆။    မျိုးစေ့ဥပဒေပုဒ်မ ၃၂ တွင် ပါရှိသော “မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသော တောင်သူလယ်သမား နှင့် မျိုးစေ့သုတေသနပြုလုပ်သူ” ဆိုသည့် စကားရပ်ကို “စီးပွားရေးအလို့ငှာမဟုတ်သည့် မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးသော တောင်သူလယ်သမားနှင့် မျိုးစေ့သုတေသနပြုလုပ်သူ ” ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်။

၁၇။    မျိုးစေ့ဥပဒေတွင် ပုဒ်မ ၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၃၃။    စိုက်ပျိုးရေးဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်နှင့် အခြားထိခိုက်ပျက်စီးမှုများ ကြောင့် သီးနှံပြန်လည်စိုက်ပျိုးရန် အပင်မျိုး လိုအပ်ချက်ဖြစ်ပေါ်လာပါက အပင်မျိုး အဖြစ် အသုံးပြုသင့်သည့် သီးနှံစေ့များကို  စိုက်ပျိုးခွင့်ပြုနိုင်သည်။”

၁၈။    မျိုးစေ့ဥပဒေ ပုဒ်မ ၃၄ တွင် ပါရှိသော “ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု” ဆိုသည့်စကား ရပ်ကို “ အစိုးရဌာနများ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၉။    မျိုးစေ့ဥပဒေ ပုဒ်မ ၃၇ တွင် ပါရှိသော “ ပြည်တွင်းသို့ တင်သွင်းလိုသူ” ဆိုသည့် စကားရပ် ၏နောက်တွင် “သို့မဟုတ် ပြည်ပသို့ တင်ပို့လိုသူ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၂၀။    မျိုးစေ့ဥပဒေ ပုဒ်မ ၃၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“ ၃၉။ (က) မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ၏ ရုံးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ရမည်။
(ခ) ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော ကော်မတီခွဲများ၏ ရုံးလုပ်ငန်းများကို ဝန်ကြီး ဌာန လက်အောက်ရှိ သက်ဆိုင်ရာ ဌာနက ဆောင်ရွက်ရမည်။ ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
မျိုးစေ့ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊    ၁  /၂၀၁၁)
၁၃၇၂ ခုနှစ်၊  ပြာသိုလဆန်း    ၃      ရက်
(၂၀၁၁ ခုနှစ်၊  ဇန္နဝါရီ   လ      ၇     ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဌာန်း လိုက်သည်။

အခန်း(၁)
အမည် ၊ စတင်အာဏာတည်ခြင်း နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။    (က) ဤဥပဒေကို မျိုးစေ့ဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး နှစ်နှစ်ပြည့်မြောက်သည့်နေ့ရက်မှ စတင်၍ အာဏာတည်စေရမည်။

၂။    ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) မျိုးစေ့ ဆိုသည်မှာ အပွင့် သို့မဟုတ် အသီးမှရရှိသော မျိုးစေ့နှင့် မျိုးပွားစိုက်ပျိုး နိုင်သောအပင် သို့မဟုတ် အပင်၏အစိတ်အပိုင်းအားလုံးကို ဆိုသည်။
(ခ) သီးနှံစေ့ ဆိုသည်မှာ မျိုးစေ့အဖြစ်မှအပ အခြားတစ်နည်းနည်းဖြင့် အသုံးပြုရန် ထုတ်လုပ်သည့် အစေ့နှင့် အဆံများကို ဆိုသည်။
(ဂ) မျိုးသန့်မျိုးစေ့ ဆိုသည်မှာ ဗီဇမှန်ကန်ပြီး သတ်မှတ်ထားသော မျိုးစေ့စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် မျိုးစေ့ကိုဆိုသည်။
(ဃ) အပင်မျိုး ဆိုသည်မှာ စိုက်ပျိုးထားရှိသော အပင်နှင့် ပြင်ပရုပ်သွင်အားဖြင့် လည်းကောင်း၊ ဇီဝကမ္မအားဖြင့်လည်းကောင်း၊  ဗီဇအားဖြင့်လည်းကောင်း၊  ဓာတုပစ္စည်းပါဝင်မှုအားဖြင့်လည်းကောင်း တူညီ၍ အခြားထူးခြားသော အရည်အချင်း လက္ခဏာတစ်ရပ်ဖြင့် ထင်ရှားစွာ ဖော်ပြနိုင်ပြီး တစ်နည်းနည်းဖြင့် မျိုးဆက်ပြန့်ပွား သည့်အခါ တူညီသောမျိုးရိုးဗီဇနှင့် ထင်ရှားသော အရည်အချင်းလက္ခဏာများကို ဆက်လက်ဖော်ဆောင်နိုင်စွမ်းရှိသော မျိုးစေ့ကို ဆိုသည်။
(င) အပင်မျိုးသစ် ဆိုသည်မှာ လက်ရှိအပင်မျိုးနှင့် အနည်းဆုံးလက္ခဏာတစ်ရပ်ရပ် တွင် ထူးခြားစွာဆန်းသစ်မှုရှိရမည့်အပြင် စိုက်ပျိုးသည့်အခါ ယင်း၏လက္ခဏာရပ် များမှာ ညီညာမှုရှိပြီး ထပ်ဆင့်မျိုးပွားရာတွင်လည်း ယင်း၏လက္ခဏာရပ်များ ပြောင်းလဲမှုမရှိသော အပင်မျိုးကို ဆိုသည်။
(စ) မျိုးစေ့စံချိန်စံညွှန်း ဆိုသည်မှာ မျိုးစေ့အရည်အသွေးနှင့်စပ်လျဉ်း၍ အမျိုးသား မျိုးစေ့ကော်မတီက စံအဖြစ် သတ်မှတ်သည့်အချက်များကို ဆိုသည်။
(ဆ) မျိုးစေ့အရည်အသွေး ဆိုသည်မှာ မျိုးစေ့၏ ဗီဇသန့်စင်မှု၊ အပင်ပေါက်ရာခိုင်နှုန်း၊ အစိုဓါတ်နှင့် မျိုးစေ့သန့်စင်မှုတို့ကို ဆိုသည်။
(ဇ) မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဆိုသည်မှာ မျိုးစေ့အရည်အသွေးကို သိရှိနိုင်ရန် စစ်ဆေးသည့် နေရာဌာနကို ဆိုသည်။
(ဈ) မျိုးစေ့လုပ်ငန်း ဆိုသည်မှာ မျိုးစေ့ကို ထုတ်လုပ်၍ဖြစ်စေ၊ ပြည်တွင်းသို့တင်သွင်း၍ ဖြစ်စေ၊ ထုတ်လုပ်သူ သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းသူထံမှ ရယူ၍ဖြစ်စေ၊ စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်းကို ဆိုသည်။
(ည) စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း ဆိုသည်မှာ သတ်မှတ်ကာလအတွင်း အမျိုးသား မျိုးစေ့ကော်မတီက သတ်မှတ်သော အလေးချိန် သို့မဟုတ် ပမာဏထက်ကျော်လွန် ပြီး မျိုးစေ့ဖြန့်ဖြူးခြင်းကို ဆိုသည်။
(ဋ) အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ အပင်မျိုးသစ်ကို ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် အသိအမှတ်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသော လက်မှတ်ကို ဆိုသည်။
(ဌ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်ခွင့် ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသော လက်မှတ်ကို ဆိုသည်။
(ဍ) လိုင်စင် ဆိုသည်မှာ မျိုးစေ့လုပ်ငန်းလုပ်ကိုင်ရန် ဤဥပဒေအရ ထုတ်ပေးသော ခွင့်ပြုချက်ကို  ဆိုသည်။
(ဎ) ဝန်ကြီးဌာန ဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။

 

အခန်း(၂)
ရည်ရွယ်ချက်များ

၃။    ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊
(ခ) မျိုးစေ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊
(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများက မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ သုတေသနပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးရန်၊
(ဃ) မျိုးစေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်နိုင်ရန်။

 

အခန်း(၃)
အမျိုးသားမျိုးစေ့ကော်မတီဖွဲ့စည်းခြင်း

၄။    ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ်လည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် အခြားသင့်လျော်သူများက အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်သော အမျိုးသားမျိုးစေ့ကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ အမျိုးသားမျိုးစေ့ကော်မတီဖွဲ့စည်းရာတွင် ဒုတိယဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော အမျိုးသားမျိုးစေ့ကော်မတီကို အခါအား လျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

 

အခန်း(၄)
အမျိုးသားမျိုးစေ့ကော်မတီ၏ လုပ်ငန်းတာဝန်များ

၅။    အမျိုးသားမျိုးစေ့ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးစေ့ဆိုင်ရာမူဝါဒကို ချမှတ်ခြင်း၊
(ခ) စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်းဟု မှတ်ယူနိုင်ရန် သတ်မှတ်ကာလအတွင်း ဖြန့်ဖြူး သည့် မျိုးစေ့အလေးချိန်နှင့် ပမာဏကို သတ်မှတ်ခြင်း၊
(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများ၏ မျိုးစေ့သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံအချင်းချင်း သဘောတူညီချက်အရ သုတေသနပြုလုပ်နိုင်ရန် လိုအပ်သော မျိုးစေ့များကို ပေးပို့ခြင်းနှင့် လက်ခံခြင်း၊
(င) သင့်လျော်သော ကျွမ်းကျင်သူများပါဝင်သည့် မျိုးစေ့အရည်အသွေး စစ်ဆေးရေး အဖွဲ့များကို လိုအပ်သလိုဖွဲ့စည်းရန် ဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ လုပ်ငန်းများအား တာဝန်ပေးအပ်ခြင်း၊
(စ) မျိုးစေ့လုပ်ငန်းနှင့်စပ်လျဥ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဆ) မျိုးစေ့ထုပ််ပိုးထားသော သို့မဟုတ် ထည့်သွင်းထားသော ပစ္စည်းပေါ်တွင် ဖော်ပြရ မည့်အချက်များကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊
(ဇ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင် ရွက်ခြင်း။

၆။    အမျိုးသားမျိုးစေ့ကော်မတီသည်-
(က) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဥက္ကဌအဖြစ်လည်း ကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိ ကလုပ်ငန်းများမှ ကျွမ်းကျင်သူပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို ဝန်ကြီးဌာန၏ သဘောတူညီ ချက်ဖြင့်ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို အခါ အားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၇။    အမျိုးသားမျိုးစေ့ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို  အထောက်အကူပြုနိုင်ရန် လိုအပ်သော ကော်မတီခွဲများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။

 

အခန်း(၅)
အပင်မျိုးသစ်

၈။    အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်လိုသည့် သိုမဟုတ် ပြည်တွင်းသို့ တင်သွင်းလိုသည့် အပင်မျိုးသစ် အတွက် အသိအမှတ်ပြုလက်မှတ်ရရှိရန် အပင်မျိုးသစ်၏ မျိုးစေ့နမူနာနှင့်တကွ အချက်အလက် အပြည့်အစုံကို သတ်မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီသို့ တင်ပြ၍ လျှောက်ထား ရမည်။

၉။    အမျိုးသားမျိုးစေ့ကော်မတီသည် ပုဒ်မ ၈ အရ လျှောက်ထားချက်နှင့်စပ်လျဥ်း၍ လိုအပ် သည်များကို စိစစ်တင်ပြရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ တာဝန်ပေးအပ်ရမည် -

၁၀။    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် -
(က) ပုဒ်မ ၉ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး အောက်ပါအချက်များပေါ်တွင် အခြေခံ၍ အပင်မျိုးသစ်အဖြစ် ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် သင့် မသင့် စိစစ်ရမည်။
(၁)မြန်မာနိုင်ငံအတွင်း စိုက်ပျိုးပါက ကောင်းမွန်စွာဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ၊
(၂) အပင်မျိုးသစ်သည် လက်ရှိအပင်မျိုးထက် သာလွန်ကောင်းမွန်ခြင်း ရှိ မရှိ နှင့် ထူးခြားသည့်အရည်အသွေး ရှိ မရှိ၊
(၃) အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိ ခိုက်နိုင်ခြင်း ရှိ မရှိ။
(ခ) အပင်မျိုးသစ်နှင့်စပ်လျဥ်း၍ ပုဒ်မခွဲ(က)အရ စိစစ်တွေ့ရှိချက်ကို သဘောထား မှတ်ချက်နှင့်အတူ အမျိုးသားမျိုးစေ့ကော်မတီသို့ တင်ပြရမည်။

၁၁။    အမျိုးသားမျိုးစေ့ကော်မတီသည် -
(က) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက ထောက်ခံတင်ပြသော အပင်မျိုးသစ်၏ မျိုးစေ့နမူနာနှင့် အချက်အလက်များကို စိစစ်ပြီး ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်း သို့တင်သွင်းရန်လျှောက်ထားသော အပင်မျိုးသစ်ကို အသိအမှတ်ပြုကြောင်း သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ကြောင်း ဆုံးဖြတ်ရမည်။
(ခ) ပုဒ်မခွဲ(က)အရ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ပါက သက်ဆိုင်ရာ လျှောက်ထား သူအား အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရမည်။

 

အခန်း(၆)
မျိုးစေ့အရည်အသွေးစစ်ဆေးခန်း

၁၂။    မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ် မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီသို့ လျှောက်ထားရမည်။

၁၃။    အမျိုးသားမျိုးစေ့ကော်မတီသည်-
(က) ပုဒ်မ ၁၂ အရ လျှောက်ထားချက်ကို စိစစ်ပြီး မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် မှတ်ပုံတင်လက်မှတ်ခပေးသွင်းစေပြီး စည်းကမ်းချက်များပါရှိသည့် မှတ်ပုံတင် လက်မှတ်ကို သက်ဆိုင်ရာလျှောက်ထားသူအား ထုတ်ပေးရမည်။
(ဂ) ပုဒ်မခွဲ(ခ)အရ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် ထုတ်ပေး သည့်နေ့မှစ၍ သုံးနှစ် ဖြစ်သည်။

၁၄။    (က)    မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးသည့်အခါ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဆက်လက်ဖွင့်လှစ်လိုပါက မှတ်ပုံတင်လက် မှတ် သက်တမ်းတိုးမြှင့်ပေးရန် ယင်းလက်မှတ်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ ကော်မတီသို့ လျှောက်ထားရမည်။
(ခ) အမျိုးသားမျိုးစေ့ကော်မတီသည်   ပုဒ်မခွဲ(က)အရ    လျှောက်ထားချက်ကို စိစစ်ပြီး မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုပါက သတ်မှတ် ထားသည့်သက်တမ်းတိုးမြှင့်ခပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်ပေးရမည်။

၁၅။    အမျိုးသားမျိုးစေ့ကော်မတီသည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သော မှတ်ပုံတင်လက်မှတ်ရရှိသူ၏ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ် ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

 

အခန်း(၇)
မျိုးစေ့လုပ်ငန်း

၁၆။    မျိုးစေ့လုပ်ငန်းလုပ်ကိုင်လိုသူသည်-
(က) လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ လျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ(က)အရ လျှောက်ထားရာတွင် မျိုးစေ့အမျိုးအစားတစ်မျိုးချင်းအတွက် လိုင်စင်သီးခြားလျှောက်ထားရမည်။

၁၇။    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည်-
(က) ပုဒ်မ ၁၆ အရ လျှောက်ထားချက်နှင့်စပ်လျဥ်း၍ မျိုးစေ့စံချိန်စံညွှန်းနှင့် ညီညွတ် ခြင်း ရှိ မရှိ သက်ဆိုင်ရာ မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့အား တာဝန်ပေး၍ စစ်ဆေးတင်ပြစေရမည်။
(ခ) ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာ မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တင်ပြချက်ကို စိစစ်ပြီး လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဂ) လိုင်စင်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော လုိင်စင်ခပေးသွင်းစေပြီး စည်းကမ်းချက်များပါရှိသည့်လိုင်စင်ကို သက်ဆိုင်ရာလျှောက်ထားသူအား ထုတ် ပေးရမည်။
(ဃ) ပုဒ်မခွဲ(ဂ)အရ လိုင်စင်ထုတ်ပေးရာတွင် မျိုးစေ့အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ လိုင်စင်သက်တမ်းကို  ၁၀ နှစ်ထက် မပိုသောကာလ သတ်မှတ်နိုင်သည်။

၁၈။    လိုင်စင်ရရှိသူသည် -
(က) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) မျိုးစေ့ကို မျိုးစေ့စိုက်ခင်းတွင်သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေး ခန်းတွင်သော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို ခံယူရမည်။
(ဃ) မျိုးစေ့ထုတ်ပိုးထားသော သို့မဟုတ် ထည့်သွင်းထားသော ပစ္စည်းပေါ်တွင် အောက် ပါအချက်များကို မှန်ကန်စွာဖော်ပြရမည်-
(၁) ကုန်အမှတ်တံဆိပ်၊
(၂) မျိုးစေ့အမည်၊
(၃) မျိုးစေ့အလေးချိန် သို့မဟုတ် ပမာဏ၊
(၄) မျိုးစေ့အရည်အသွေး၊
(၅) သုံးစွဲရန်အညွှန်းစာ၊
(၆) သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊
(၇) လိုင်စင်အမှတ်နှင့်ရက်စွဲ၊
(၈) မျိုးစေ့အရည်အသွေးနှင့်စပ်လျဥ်း၍ အာမခံကြောင်းဖော်ပြချက်၊
(၉) အမျိုးသားမျိုးစေ့ကော်မတီက အခါအားလျော်စွာသတ်မှတ်သည့် အခြား အချက်အလက်များ။

၁၉။    လိုင်စင်ရရှိသူသည် မျိုးစေ့အရည်အသွေး စစ်ဆေးမှုခံယူပြီးသော မျိုးစေ့ကိုသာ ဖြန့်ဖြူး ရောင်းချရမည်။

၂၀။    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်း ကုန်ဆုံးသည့်အခါ မျိုးစေ့လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ လျှောက်ထားရမည်။

၂၁။    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် -
(က) ပုဒ်မ ၂၀ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် သက်တမ်းတိုးမြှင့်ခ ပေးသွင်းစေပြီး လိုင်စင်သက်တမ်းတိုးမြှင့်ပေးရမည်။

 

အခန်း(၈)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၂။    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် ပုဒ်မ ၁၈ ပါ အချက်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်သော လိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ် ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) ခွင့်ပြုထားသော မျိုးစေ့လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊
(ခ) ဒဏ်ကြေးငွေပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး သက်ဆိုင်ရာမျိုးစေ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း၊
(ဂ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊
(ဃ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

 

အခန်း(၉)
အယူခံခြင်း

၂၃။    (က) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက ပုဒ်မ ၂၂ အရ ချမှတ်သည့်အမိန့် သို့မ ဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီထံ အယူခံနိုင်သည်။
(ခ) အမျိုးသားမျိုးစေ့ကော်မတီသည် ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဥ်း၍ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ(ခ)အရ ချမှတ်သော အမျိုးသားမျိုးစေ့ကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

 

အခန်း(၁၀)
တားမြစ်ချက်များ

၂၄။    မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်း မရှိသော အပင်မျိုးသစ်ကို စီးပွား ရေးအလို့ငှာ ထုတ်လုပ်ခြင်းမပြုရ။

၂၅။    မည်သူမျှ လိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ။

၂၆။    လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကိုသော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှု ခံယူခြင်းမပြုရသေးသော မျိုးစေ့ ကိုသော်လည်းကောင်း ဖြန့်ဖြူးခြင်းမပြုရ။

၂၇။    မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဖွင့်လှစ်ခြင်း မပြုရ။

 

အခန်း(၁၁)
ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၈။    မည်သူမဆို ပုဒ်မ ၂၄၊ ၂၅ သို့မဟုတ်၂၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှု နှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၂၉။    မည်သူမဆို ပုဒ်မ ၂၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၃၀။    သက်ဆိုင်ရာတရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော မျိုးစေ့နှင့် ထုပ်ပိုး ပစ္စည်းများကိုလည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသုံး ပစ္စည်းများကိုလည်းကောင်း စီမံခန့်ခွဲရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရမည်။.

 

အခန်း(၁၂)
အထွေထွေ

၃၁။    အောက်ပါအချက်များသည် ဤဥပဒေပါ ပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ-
(က) တောင်သူလယ်သမားတစ်ဦးဦးက မိမိထုတ်လုပ်သည့် မျိုးစေ့ကို အခြားတောင်သူ လယ်သမားအား ဖြန့်ဖြူးရောင်းချခြင်း၊
(ခ) မျိုးပွားခြင်းမဟုတ်ဘဲ အသီး၊ အပွင့်၊ အပင်နှင့် အပင်၏အစိတ်အပိုင်းတို့ကို ဖြန့်ဖြူး ရောင်းချခြင်း။

၃၂။    ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ လုပ်ငန်းများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသော တောင်သူလယ်သမားနှင့် မျိုးစေ့သုတေသန ပြုလုပ်သူတို့သည် ဤဥပဒေအရ လိုင်စင်ရယူခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

၃၃။    အမျိုးသားမျိုးစေ့ကော်မတီသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် မှတ်ပုံတင် လက်မှတ်ခ၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခ၊ လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခနှင့် အခြားအခကြေးငွေတို့ကို သတ်မှတ်ရမည်။

၃၄။    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် မျိုးစေ့လုပ်ငန်း လုပ်ကိုင်ရန် ဤဥပဒေအရ လိုင်စင်လျှောက်ထားခြင်းအတွက် သတ်မှတ်ထားသော အခကြေးငွေများပေးဆောင်ခြင်းမှ အမျိုးသားမျိုးစေ့ကော်မတီ၏ သဘောတူညီချက်ဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုအား ကင်း လွတ်ခွင့်ပြုနိုင်သည်။

၃၅။    ဤဥပဒေအာဏာတည်သည့်နေ့တွင် မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်နေသူ သည် ယင်းစစ်ဆေးခန်းဆက်လက်ဖွင့်လှစ်လိုပါက မှတ်ပုံတင်လက်မှတ်ကိုလည်းကောင်း၊ မျိုးစေ့ လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်နေသူသည် ယင်းလုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်ကို လည်းကောင်း ဤဥပဒေအာဏာတည်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ဤဥပဒေပါသက်ဆိုင် ရာ ပြဌာန်းချက်များနှင့်အညီ လျှောက်ထားရမည်။

၃၆။    ဤဥပဒေအရ စွဲဆိုသောပြစ်မှုတွင် မျိုးစေ့နှင့်စပ်လျဉ်း၍ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ၏ မျိုးစေ့အရည်အသွေးစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် ယင်းပြစ်မှုအတွက် အပြီးသတ် သက်သေခံချက် ဖြစ်စေရမည်။

၃၇။    အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသော အပင်မျိုးသစ်ကို ပြည်တွင်းသို့ တင်သွင်း လိုသူသည် ပါမစ် သို့မဟုတ် လိုင်စင်ရရှိရန် ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသို့ လျှောက်ထားရာတွင် အသိအမှတ်ပြုလက်မှတ်ကို လျှောက်လွှာနှင့် အတူ ပူးတွဲ၍တင်ပြရမည်။ ယင်းဌာန၊ အဖွဲ့အစည်းသည် အသိအမှတ်ပြုလက်မှတ် တင်ပြနိုင်သူ ကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်။

၃၈။    မျိုးစေ့ကို ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လိုသူသည်-
(က) ထောက်ခံချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသို့ လျှောက်ထားရမည်၊
(ခ) ပါမစ် သို့မဟုတ် လိုင်စင်ရရှိရန် ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသို့ လျှောက်ထားရာတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ၏ ထောက်ခံချက်ကို လျှောက်လွှာနှင့်အတူ ပူးတွဲ၍တင်ပြရမည်။ ယင်းဌာန၊ အဖွဲ့အစည်းသည် အဆိုပါ ထောက်ခံချက် တင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်။

၃၉။    (က) အမျိုးသားမျိုးစေ့ကော်မတီ၏ ရုံးလုပ်ငန်းများကို ဝန်ကြီးဌာနက ဆောင်ရွက်ရမည်။
(ခ) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ၏ ရုံးလုပ်ငန်းများကို မြန်မာ့စိုက်ပျိုးရေးလုပ် ငန်းက ဆောင်ရွက်ရမည်။
(ဂ) ပုဒ်မ ၇ အရ ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့ခွဲများ၏ ရုံးလုပ်ငန်းများကို ဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ လုပ်ငန်းက ဆောင်ရွက်ရမည်။

၄၀။    ဤဥပဒေပါပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

၄၁။    ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းကို တရားရုံး ရှေ့သို့တင်ပို့ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့တင်ပို့ခြင်း မရှိဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက် စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်းတင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံ ခန့်ခွဲခြင်း ပြုနိုင်သည်။

၄၂။    အစိုးရဝန်ထမ်း မဟုတ်သော အမျိုးသားမျိုးစေ့ကော်မတီ အဖွဲ့ဝင်များနှင့် မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်ထားသော ချီးမြှင့်ငွေကို ခံစားခွင့် ရှိသည်။

၄၃။    ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့်လည်းကောင်း၊ လိုအပ်သောလုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။
(ခ) အမျိုးသားမျိုးစေ့ကော်မတီ နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွ့ံဖြိုးရေးကောင်စီ