ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » Banner News » (၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီအစည်းအဝေးကို (၄.၉.၂၀၁၉) ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ရေဆင်း၌ကျင်းပ

(၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီအစည်းအဝေးကို (၄.၉.၂၀၁၉) ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ရေဆင်း၌ကျင်းပ

5 Sep 2019

(၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
=========================================

(၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အစည်းအဝေး (16th Technical Seed Committee, TSC) ကို စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာ ရဲတင့်ထွန်း ၊ ဒုတိယဥက္ကဌ ဒေါက်တာနိုင်ကြည်ဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ အတွင်းရေးမှူး ဉီးသီဟထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာရဲတင့်ထွန်းက မြန်မာနိုင်ငံ၏ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူ တောင်သူ များအကြား နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ထားရှိမှုအပေါ် အဖက်ဖက်မှ လိုက်နာဆောင်ရွက် သင့်သည်များ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူးရောင်းချသည့် မျိုးစေ့အပေါ် ညွှန်ပြထား သည့်အတိုင်း မှန်ကန်မှုရှိရေး (Truth in Labeling) အတွက် အာမခံရန်နှင့် အပင်မျိုးသစ် အကာအကွယ် ပေးရေး (PVP) ဥပဒေအား စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ရေးဆွဲပြီးဖြစ်ခြင်းကြောင့် အပင်မျိုးသစ် များကာကွယ်ရန်နှင့် မျိုးသစ်မွေးမြူထုတ်လုပ်သူ ပညာရှင်များ၏ ရပိုင်ခွင့်အခွင့်အလန်းများကို အသိ အမှတ်ပြုရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း၊ အဆိုပါ မျိုးသစ် များအား စီးပွါးဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီထံ လျှောက်ထား ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဌ ဒေါက်တာနိုင်ကြည်ဝင်းက မျိုးသစ်အဖြစ် ထောက်ခံချက်ရရှိရေးအတွက် VCU (Value for Cultivation and Use) Test ကို ဒေသ (၃) ခု၌ (၂) ရာသီ စမ်းသပ်လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အထူးအခွင့်အရေးအနေဖြင့် VCU Test စမ်းသပ်နေစဉ် ယာယီအသုံးပြုခွင့်ရရှိရေး စဉ်းစားပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ အနေဖြင့် မျိုးသစ်များထုတ်လုပ်နိုင်ရေးအတွက် အားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးအဖွဲ့(UPOV)မှ ချမှတ်ထားသည့် ဥပဒေပုဒ်မများနှင့်ကိုက်ညီမှုရှိရန် အပင်မျိုးသစ်အကာအကွယ်ပေးရေး(PVP) ဥပဒေ(မူကြမ်း)အသစ်အား မကြာမီ အတည်ပြုနိုင်တော့မည်ဖြစ်ခြင်းကြောင့် အပင်မျိုးသစ်မွေးမြူသူပညာရှင်များအတွက် ရပိုင်ခွင့် နှင့် ထုတ်လုပ်လိုက်သည့် အပင်မျိုးသစ် စိုက်ပျိုးအသုံးပြုခွင့်ရရှိခြင်းဖြင့် သုံးစွဲသည့်တောင်သူများ၏ လူမှုစီးပွါးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အပင်မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံ သုတေသနဌာနစုက ပီလောပီနံ (၁) မျိုး အပါအဝင်၊ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီ (၂၆) ခုတို့က စပါး(၂)မျိုး၊ ပြောင်းစေး (၁) မျိုး၊ ပြောင်းချို(၁)မျိုး၊ ငရုတ်(၂)မျိုး၊ ဝါ(၁)မျိုး၊ အစေ့စားနေကြာ(၂)မျိုး၊ ဟင်းစားပဲပုပ်(၂)မျိုး၊ ပဲနီ(၁)မျိုး၊ ကြက်သွန်နီ(၃) မျိုး၊ ကြက်ဟင်းခါး(၂)မျိုး၊ ခရမ်း(၄)မျိုး၊ နံနံ(၂)မျိုး၊ မုန်လာဥဖြူ(၂)မျိုး၊ ကန်စွန်း(၂)မျိုး၊ ရွှေဖရုံ(၅)မျိုး၊ မုန်လဥနီ(၃)မျိုး၊ မုန်လာရွက်(၁)မျိုး၊ ရုံးပတီ(၃)မျိုး၊ ခဝဲ(၁)မျိုး၊ သခွါး(၂)မျိုး၊ ဖရုံသခွါး(၁)မျိုး၊ သကြားမုန်လာ(၂)မျိုး၊ သင်္ဘော(၂)မျိုး၊ အာလူး(၅)မျိုး၊ တစ်သျှူး ငှက်ပျော(၅)မျိုး၊ ကြံ(၁)မျိုး၊ Stevia(၁)မျိုး နှင့် ဘူးသီး(၁)မျိုး၊ ပဲတိုင်လွတ် (၁) မျိုး အပါအဝင်၊ စပါး မိဘလိုင်း(၁)စုံ၊ အစေ့ထုတ်ပြောင်း မိဘလိုင်း(၇)စုံ၊ ခရမ်းချဉ် မိဘလိုင်း(၃)စုံ၊ သခွါး မိဘလိုင်း (၁)စုံ၊ ဖရဲ မိဘလိုင်း(၁)စုံ၊ ကြက်ဟင်းခါး မိဘလိုင်း(၁)စုံ၊ ပဲတောင့်ရှည် မိဘလိုင်း(၁)စုံ၊ ရွှေဖရုံ မိဘလိုင်း(၂)စုံနှင့် ရုံးပတီ မိဘလိုင်း (၁)စုံ၊ စုစုပေါင်း စမ်းသပ်စိုက်ပျိုးသီးနှံမျိုးကွဲ (၉) မျိုး၊ Document ဖြင့် တင်ပြမည့်သီးနှံ (၅၃) မျိုးနှင့် မိဘမျိုးလိုင်း (၁၈) စုံတို့အား လျှောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။