ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » Breaking News » ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း ပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း ပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

10 Oct 2018

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း၏ ပြည်ထောင်စုအဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆေးမားလ်အွန်ဒုံစီမံကိန်းများနည်းတူ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်းသည်လည်း ကျေးရွာလူထုဦးဆောင်မှုဖြင့် ကျေးရွာများတွင် လိုအပ်နေသည့် အခြေခံအဆောက်အအုံများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖန်တီးပေးနေသည့်လူထုစီမံကိန်းတစ်ခုဖြစ်ကြောင်းဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်မှ Agriculture and Rural Development Specialist ဖြစ်သူ Ms. Stefania Dina နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့က စီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာများမှ ဆုရကျေးရွာ (၃)ရွာအား မြို့နယ်အလိုက် အကောင်းဆုံးစီမံကိန်းလုပ်ငန်းခွဲဆုနှင့် မြို့နယ်အလိုက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ ထူးချွန်ဆုများ အသီးသီးချီးမြှင့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌနှင့် လွှတ်တော်ရေးရာကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ် များသည် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်းလုပ်ငန်း များ၏ မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။